Wednesday, December 5, 2007

မလေးရှားလေထီးခုန်သမားသုံးဦး လေ့ကျင့်စဉ်သေဆုံး


မလေးရှားနိုင်ငံ လန်ကာဝီ အပန်းဖြေဒေသတွင် ကျင်းပရန်ရှိသည့် ရေကြောင်းနှင့်လေကြောင်းပြပွဲအတွက်ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဒီဇင်ဘာ ၂ရက်က မလေးရှားလေထီးသမားများ လေထီးခုန်လေ့ကျင့်ရာမှ သုံးဦးသေဆုံးခဲ့ရပြီး ငါးဦးဒဏ်ရာရရှိကြောင်း မီဒီယာ သတင်းများက ဖော်ပြပါသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လေထီးသမားများမှာ သတ်မှတ်နေရာသို့ မရောက်ပဲပင်လယ်တွင်းသို့ လွင့်ပါသွားခြင်းဖြစ်သည်ဟု ဘနာမာသတင်းဌာနက ရဲတပ်ဖွဲ့မှလာသောသတင်းကို ကိုးကား၍ ဖော်ပြသည်။
လေထီးသမားများအနက် သုံးဦးမှာ ရေနစ်သေဆုံးသွားပြီး ငါးဦးကိုကယ်ဆယ်နိုင်ကြောင်း သက်ဆိုင်ရာအရာရှိများကပြောကြားသည်။ လန်ကာဝီ ရေကြောင်းနှင့်လေကြောင်းပြပွဲသည် ဒီဇင်ဘာ ၃ရက်က ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ အဆိုပါပြပွဲတွင် ကမ္ဘာ့ထိပ်တန်းလေယာဉ်ထုတ်လုပ် ရေး လုပ်ငန်းကြီးများဖြစ်သည့် အဲဘတ်စ်လေယာဉ်လုပ်ငန်း၊ ဘီအေအီးလေယာဉ်လုပ်ငန်းနှင့် ဘိုးရင်းလေယာဉ်လုပ်ငန်းများ ပါဝင်ပြသကြမည် ဖြစ်သည်။
ပြပွဲ၌ အာရှလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများနှင့်လေယာဉ်ကမ္ပဏီများ လေယာဉ်အရောင်းအ၀ယ်စာချုပ်အများအပြားကို ချုပ်ဆိုကြဖွယ်ရာ ရှိသည်ဟုဆိုသည်။

No comments: