Thursday, March 13, 2008

အိန္ဒိယတွင် ကြက်ငှက်တုပ်ကွေးရောဂါ ထပ်မံဖြစ်ပွား

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ ကြက်ငှက်တုပ်ကွေး ထိန်းချုပ်လိုက်နိုင်ပြီဟု အာဏာပိုင်များက ထုတ်ပြန်ကြေညာပြီး တစ်လအကြာတွင် ကြက်ငှက်တုပ်ကွေးထပ်မံဖြစ်ပေါ်လာရာ ကြက်ထောင်ပေါင်းများစွာကို တိရစ္ဆာန်ကုသရေးဝန်ထမ်းများက မတ် ၁၀ရက်တွင် သတ်ဖြတ်ခဲ့ရသည်။ အနောက်ဘင်္ဂလားနယ် ဖူဂျီဒါဘိုင်ဒေသတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ရက်သတ္တပတ်နှစ်ပတ်ကျော်တွင် ထိုဒေသရှိ ကြက်နှင့်ဘဲ အကောင် ၉၀၀ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဇန်န၀ါရီလတွင် ဖူရှီဒါဘတ်ဒ် ဒေသအပါအ၀င် ဒေသ ၁၉ခုအနက် ၁၃ခုတွင် H5N1 ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည်။ ယင်းဒေသတွင် ကြက်ငှက်ရောင်းချမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ သို့သော် နိုင်ငံတွင်းရှိ ကျန်ဒေသများ၌လည်း ကြက်ငှက် ရောင်းချမှုကို ပိတ်ပင်ထားသည်။ အိန္ဒိယနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါဆိုးရွားစွာ ဖြစ်ပေါ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိမ်ခ်ျအို)၏ ထုတ်ပြန်ချက် ပေါ်ထွက်လာပြီးနောက် ယင်းဒေသတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကြက်ငှက် ၃ ဒသမ ၄သန်း ကျော်ကို သတ်ဖြတ်ခဲ့သည်။ ကြက်ငှက်တုပ်ကွေး လူတို့၌ဖြစ်ပွားမှုကို မတွေ့ရှိပေ။ H5N1 ဗိုင်းရပ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ လွယ်ကူစွာကူးစက်သွားပါက ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်များစွာ သေဆုံးနိုင်သည့်အတွက် ကျွမ်းကျင်ပညာရှင်များက စိုးရိမ် ပူပန်လျက်ရှိသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် အခြားဒေသရှိ ကြက်ငှက်များသို့ ကူးစက်ပျံ့နှံ့သွားနိုင်ကြောင်း အိန္ဒိယအရှေ့ပိုင်း တာဝန်ရှိသူများက ပြောကြားသည်။

ပြင်သစ်ကမ်းခြေလေပြင်းတိုက်ကုန်သင်္ဘောကမ်းပေါ်တင်

လေပြင်းတိုက်ခတ်မှုကြောင့် ပြင်သစ်နိုင်ငံ၏ အတ္တလန္တိတ်ကမ်းခြေတွင် ကုန်သင်္ဘောတစ်စင်း ကမ်းတင်သွားပြီး အနောက် မြောက်ပိုင်းတွင် မော်တော်ဘုတ်တစ်စင်း တိမ်းမှောက်သွားကာ လူတစ်ဦးရေနစ်သွားကြောင်း တနင်္လာနေ့တွင် တာဝန်ရှိသူများက ပြောကြားသည်။ အတ္တလန္တိတ်ကမ်းခြေ လက်စ်ဆေးဘယ်လ်ဒီလွန်းနဲ အပန်းဖြေစခန်းတွင် ဒတ်ခ်ျနိုင်ငံ၌ မှတ်ပုံတင်ထားသော အာတီမစ်သင်္ဘောသည် လေပြင်းရိုက်ချက်ကြောင့် သဲသောင်ပြင်ပေါ်သို့ ရောက်ရှိသွားကြောင်း ပြင်သစ်ရေကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဘာရက်စ်မြို့အနီးရေလက်ခါဟောင်းဆိပ်ကမ်းငယ်တွင် ကြီးမားသော လှိုင်းလုံးကြီးတစ်လုံး ရိုက်ခတ်မှုကြောင့် မော်တော်ဘုတ်တစ်စင်းမှ လူတစ်ဦးရေနစ်သွားကြောင်း၊ ၄င်း၏အလောင်းကို တနင်္လာနေ့အစောပိုင်းက ဆယ်ယူရရှိခဲ့ကြောင်း အာဏာပိုင်များက ဆက်လက်ပြောကြားသည်။

Wednesday, March 12, 2008

သက်ဆင်နိုင်ငံရေးခိုလှုံခွင့်တောင်းမည်ဆိုသည်မှာမဟုတ်မှန်

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် နိုင်ငံခြားတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် စီစဉ်နေသည်ဆိုခြင်းသည် မဟုတ်မမှန်ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး ဆွန်ချိုင်းဝေါင်ဆာဝပ်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ လွှတ်တော်အမတ်ဟောင်း ပရာဆောင်ဆွန်ဆီရိက သက်ဆင်သည် မတ် ၁၃ရက်တွင် အင်္ဂလန်နိုင်ငံသို့ ထွက်ခွာရန် တရားရုံးချုပ်မှ ခွင့်ပြုမိန့်တောင်းခံခြင်းအားဖြင့် နိုင်ငံခြားတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံရန် လမ်းကြောင်းရှာနေသည်ဟု ပြောသည်။ ၄င်း၏ ပြောကြားချက်ကို ဒုဝန်ကြီးချုပ်က တုံ့ပြန်ခြင်းဖြစ်သည်။ သက်ဆင်သည် အဝေးသို့ ထွက်ပြေးရန် အကြောင်းမရှိကြောင်း၊ ၄င်းအား စွပ်စွဲထားသည့် လာဘ်စားသည်ဆိုသော အမှုကို ရင်ဆိုင်ဖြေရှင်းရန် ပြန်လာခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီးချုပ်က ရှင်းလင်း ပြောကြားသည်။

အမျိုးသားလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်အစည်းအဝေးများ..........................

ပါကစ္စတန်သမ္မတ မူရှာရက်ဖ်က အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို မတ် ၁၇ရက် ကျင်းပရန် ဆင့်ခေါ်လိုက်ကြောင်း ပါကစ္စတန်ရုပ်မြင်သံကြားက မတ်၁၂ရက်တွင် ကြေညာသည်။ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများ ကျင်းပရေး အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်က ပေးပို့သည့် အစီအစဉ်ကို သမ္မတ မူရှာရက်ဖ်က လက်မှတ်ထိုးလိုက်ကြောင်း ရုပ်မြင်သံကြားကြေညာချက်၌ ဖော်ပြသည်။ ပါကစ္စတန် နိုင်ငံ၏ အဓိကပါတီကြီးနှစ်ရပ် ဖြစ်သော ပါကစ္စတန်ပြည်သူ့ပါတီ(ပီပီပီ) နှင့် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် နာဝပ်ရှရစ် (ပီအမ်အယ်လ်-အင်န်)တို့က အစိုးရသစ် ဖွဲ့စည်းသည့် ပူးတွဲကြေညာချက်ကို မတ် ၁၀ရက်က လက်မှတ်ရေးထိုးကြသည်။ ပါတီကြီးနှစ်ရပ်က ဗဟိုအစိုးရ နှင့် ပန်ဂျပ်ပြည်နယ်အစိုးရ ဖွဲ့စည်းရန် သဘောတူကြပြီး အမျိုးသားလွှတ်တော် ပထမအကြိမ် အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူရန် အာဏာပိုင်များအား တိုက်တွန်းလိုက်သည်။

ပါကစ္စတန် ၀န်ကြီးချုပ်ရာထူး ပီပီပီပါတီ ရွေးချယ်မည်

ဘာနာဇီယာဘူတို၏ ခင်ပွန်းဖြစ်သူသည် ပါကစ္စတန်သမ္မတ ပါဗက်ဇ်မူရှာရက်ဖ်ကို ဖိအားပေးနိုင်သည့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် သဘောတူညီလိုက်ပြီးနောက် ၀န်ကြီးချုပ်ရာထူးနေရာအတွက် မတ်၁၀ရက်က ပီပီပီပါတီခေါင်းဆောင်များနှင့်ဆွေးနွေးလျှက်ရှိသည်။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလက ဘူတိုလုပ်ကြံခံရပြီးနောက် ခင်ပွန်းဖြစ်သူ အဆစ်အလီ ဇာဒါရီသည် ပီပီပီ၏ ခေါင်းဆာင်ဖြစ်လာသည်။
ဇဒါရီနှင့်နာဝပ်ရှရစ်သည် ဖေဖော်ဝါရီ၁၈ရက် ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရသော ပီပီပီပါတီက ၀န်ကြီးချုပ်ရာထူးနေရာအတွက်ရွေးချယ်ရန် သဘောတူညီထားသည်။

ဗြိတိန်၌ မုန်တိုင်းတိုက်ခတ်မှု လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

ဗြိတိန်နိုင်ငံအနောက်တောင်ပိုင်းဒေသများတွင် တစ်နာရီလျှင်၁၃၀နှုန်း တိုက်ခတ်သောမုန်တိုင်းကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ရကြောင်း ဗြိတိန်နိုင်ငံမှ သဘာဝဘေးဒုက္ခဆိုင်ရာ အရာရှိများကပြောကြားသည်။
ထိုသို့မုန်တိုင်းတိုက်ခတ်စဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟီးသရိုးလေဆိပ်၌ လေယာဉ်ခရီးစဉ်၃၀ကျော်ခန့် ဖျက်သိမ်းခဲ့ရသည်။

Sunday, February 17, 2008

အကြိုရွေးကောက်ပွဲကြားကာလ မဲဆွယ်စည်းရုံးလျက်ရှိ ...ဟီလာရီကလင်တန် ပြိုင်ဘက်အိုဘားမားကို ဝေဖန်

ဒီမိုကရက်တစ်ပါတီ
သမ္မတလောင်း ဟီလာရီကလင်တန်



အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုကိုယ်စားပြုမည့် သမ္မတလောင်း နေရာအတွက် နောက်ထပ်အကြိုရွေးကောက်ပွဲများမကျင်းပမီ မဲဆွယ်စည်းရုံးလျက်ရှိရာ တွင်ဟီလာရီ ကလင်တန်က သူ့ပြိုင်ဘက်အိုဘားမားကို ဖေဖော်ဝါရီ၁၅ရက်က ဝေဖန်စိန်ခေါ်လိုက်သည်။
အထက်လွှတ်တော်က အမတ်ဟီလာရီကလင်တန်က သူသည်အမေရိကန်လူလတ်တန်းစားမှ ပေါက်ဖွားလာပြီး လူလတ်တန်းစားမှပေါက်ဖွားပြီး လူလတ်တန်းစားတို့ဘက်မှရပ်တည်ကာကွယ်ပေးမည့်သူဖြစ်
ကြောင်း၊ အပြောသမားသက်သက်မဟုတ်ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။ ထို့ပြင် မဲဆန္ဒရှင်ပြည် သူများအနေဖြင့် အပြောသမားကိုရွေးချယ်မည်လော သို့မဟုတ် တကယ်လက်တွေ့ဘ၀ပြဿနာများကိုင်တွယ် ဖြေရှင်းပေးမည့်သူ ကိုရွေးမည်လော စဉ်းစားကြပါရန် ဟီလာရီကလင်တန်က မေးခွန်းထုတ်လိုက်သည်။
ထိုအချိန်အခါသည် တိုက်ပွဲဝင်မည့်သမ္မတ၊ ပြည်သူ့အကျိုးကို သယ်ပိုးမည့်သမ္မတ၊ အမေရိကန် လူလတ်တန်းစားဘက်မှ ရပ်တည်ကာကွယ်ပေးမည့် သမ္မတတစ်ဦးကို ရွေးချယ်ပေးရမည့် ကာလဖြစ်ကြောင်း ဟီလာရီကလင်တန်က စင်စင်နတီသို့ရောက်ရှိစဉ် ပြောကြားလိုက်သည်။ ဤလ ၁၉ရက်တွင် ၀စ္စကွန်ဆင် ပြည်နယ်နှင့် ဟာဝိုင်ယီအကြိုရွေးကောက်ပွဲများ၊ မတ် ၄ရက်တွင်တက္ကဆက်နှင့် အိုဟိုင်းယိုးပြည်နယ် အကြိုရွေး ကောက်ပွဲများမတိုင်မီ မဲဆွယ်စည်းရုံးစဉ် ဟီလာရီကလင်တန်က လူလတ်တန်းစားနှင့် ၀င်ငွေနည်းသူများဘက် မှရပ်တည်ပြောကြားသည်။
လက်ရှိဝင်ငွေခွန် မမျှတပုံကို၎င်းကထောက်ပြရာ၌ တစ်နှစ်ဝင်ငွေဒေါ်လာသန်း ၅၀ရရှိသည့် ဝေါစထရိမန်နေဂျာတစ်ဦးအပေါ် ကောက်ခံသည့်အခွန်မှာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၅၀၀၀၀သာရရှိသော ကျောင်းဆရာ၊ သူနာပြုနှင့် ထရပ်ကားယာဉ်မောင်းတို့ပေးဆောင်ရသည့် အခွန်ငွေထက်နည်းနေခြင်းမှာ တစ်စုံ တစ်ရာမှားယွင်းနေခြင်းကြောင့်ဖြစ်သည်ဟု ဟီလာရီက ပြောကြားလိုက်သည်။ ဟီလာရီထက် လောလောဆယ် ရှေ့ရောက်နေသူ အိုဘားမားကလည်းစွပ်စွဲချက်မှာ မမှန်ကန်ကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။

အကြ်ုရွေးကောက်ပွဲကြားကာလ မဲဆွယ်စည်းရုံးလျက်ရှိ